COMBINED FOOTING, STRIP FOOTING & STRAP FOOTING

COMBINED FOOTING, STRIP FOOTING & STRAP FOOTING


အုတ်မြစ်အမျိုးအစားများ

Shallow foundation အမျိုးအစားထဲဝင် footing အမျိုးအစားများအား ဖော်ပြရလျှင် ...

  1.  square footing
  2. rectangular footing
  3. combined footing
  4. strip footing
  5. strap footing
  6. mat footing

ဟူ၍ ရှိကြသည်။

 

square footing နှင့် rectangular footing

            အနားလေးဘက်စလုံး တူညီလျှင် စတုရန်းပုံအုတ်မြစ် (square footing) ဟုခေါ်၍ စတုဂံကဲ့သို့ အနားလေးဘက်သည် မတူညီပါက စတုဂံပုံအုတ်မြစ် (rectangular footing) ဟုခေါ်သည်။ အဆိုပါ အုတ်မြစ် အမျိုးအစားနှစ်ခုသည် သီးခြား အုတ်မြစ် (isolated footing) အမျိုးအစားများဖြစ်ကြပြီး သီးသန့်ရပ်တည်နိုင်သောအုတ်မြစ်အမျိုးအစားဖြစ်ကြသည်။ အကယ်၍ စတုရန်းပုံအုတ်မြစ်တခုသည် နေရာလုံလောက်မှုမရှိခြင်း တနည်း အခြားသော အုတ်မြစ်များနှင့်နီးကပ်လွန်းစွာရှိနေခြင်း သို့မဟုတ် နယ်နမိတ်မျဉ်းနှင့်ကပ်နေခြင်းစသည့် အဟန့်အတားများကြုံတွေရပါမူ စတုဂံပုံအုတ်မြစ်အဖြစ် အစားထိုးအသုံးပြုနိုင်သည်။

“အကြမ်းဖျင်းပြောရပါမူ နေရာရလျှင် စတုရန်းပုံအုတ်မြစ်ဖြစ်၍ နေရာမလုံလောက်ပါမူ စတုဂံပုံအုတ်မြစ်အား သုံးသည်။”

            ဒီဇိုင်းအင်ဂျင်နီယာများအတွက်မူ moment resisting footing များအတွက် လိုအပ်သော lever arm ရစေရန် rectangular footing အားရွေးချယ်လေ့ရှိကြောင်း အကြမ်းဖျင်း မှတ်သားထားနိုင်သည်။ ဤနေရာတွင် အကျယ်ဖော်ပြပါမူ အနည်းငယ်ကျယ်ပြန့်သွားနိုင်သည်။

 

combined footing, strip footing & strap footing

            အကယ်၍ column တခုသည် ၎င်း၏ footing အလယ်ဗဟိုမှ လွဲနေသည့်အခါမျိုးတွင် အဆိုပါ footing သည် များသောအားဖြင့် ၎င်းကိုယ်တိုင် ရပ်တည်ရန်မဖြစ်နိုင်တော့ပေ။ အဆိုပါအခြေအနေမျိုးသည် များသောအားဖြင့် ခြံစည်းရိုးနယ်နမိတ်နှင့် ကပ်နေသော အုတ်မြစ်များတွင် တွေ့ကြုံရလေ့ရှိသည်။ ၎င်းအုတ်မြစ်အမျိုးအစားများအား ဗဟိုမှလွဲနေသော အုတ်မြစ် (eccentric footing) ဟုခေါ်သည်။ အုတ်မြစ်တခု၏တာဝန်မှာ တိုင်မှကျလာသော အဆောက်အအုံမှကျလာသော အလေးဝန်များအား အောက်ခံမြေသားပေါ်သို့ စုပြုံမကျရောက်စေရန် ပိုမိုကျယ်ပြန့်သော ဧရိယာအနေနှင့် တညီတည်းပျံနှံ့စေရန်အလို့ငှာ ဖြန့်ကျက်ပေးရန်ဖြစ်သည်။ ယခုအခြေအနေတွင်မူ အလေးဝန်သည် အုတ်မြစ်ဗဟိုမှလွဲနေသည့်အတွက် အုတ်မြစ်သည် အလေးဝန်များအား တညီတည်းဖြန့်ကျက်မပေးနိုင်တော့ပေ။ သို့ဖြစ်ရာ အခြားအုတ်မြစ်တခုဆီမှ အကူအညီယူခြင်းအားဖြင့် မျှခြေအခြေအနေကို ပြန်ယူရပေတော့မည်။ အဆိုပါ အုတ်မြစ်အမျိုးအစားကို strap footing ဟု ဆိုနိုင်သည်။

            

အခြားအခြေအနေတခုမှာ အုတ်မြစ်နှစ်ခုသည် ၎င်းတို့၏ဗဟိုချက်နှင့် တထပ်တည်းကျနေသော်လည်း သီးသန့်တည်ရှိရန် မရနိုင်သောအခါတွင် ၎င်းတို့အားပေါင်းစပ်၍ combined footing အဖြစ် တည်ဆောက်ရသည်

            အုတ်မြစ်နှစ်ခု သို့မဟုတ် တခုသည် ဗဟိုချက်မှလွဲနေ၍သော်လည်းကောင်း ကိုယ်ပိုင်သီးသန့်တည်ရှိရန်နေရာမလုံလောက်သောအခါတွင်လည်းကောင်း အထက်တွင်ဖော်ပြခဲ့သော combined footing ကို အသုံးပြုနိုင်သည်။


 

            strip footing မှာမူ combined footing နှင့် အခြေခံအားဖြင့် သဘောသဘာဝအတူတူပင်ဖြစ်သော်လည်း ၎င်းအား ကုန်ကျစရိတ်လျော့ချရာတွင် အသုံးပြုလေ့ရှိသည်။ (နှိုင်းယှဉ်တွက်ချက်ကြည့်သင့်သည်။)


 

" အကြမ်းဖျင်းပြောရပါမူ …

အုတ်မြစ်တခုသည် တိုင်၏ဗဟိုနှင့်တထပ်တည်းကျသည့်အပြင် လုံလောက်သောနေရာအကျယ်အဝန်းရပါက square footing ။

အုတ်မြစ်တခုသည် တိုင်၏ဗဟိုနှင့်တထပ်တည်းကျသော်လည်း လုံလောက်သောနေရာအကျယ်အဝန်းမရပါက rectangular footing ။

အုတ်မြစ်တခု သို့ နှစ်ခုနှင့်အထက်သည်  တိုင်၏ဗဟိုနှင့်တထပ်တည်းမကျပါက combined footing ၊ strip footing သို့မဟုတ် strap footing ။

အနည်းဆုံးအုတ်မြစ်တခုသည် တိုင်၏ဗဟိုနှင့်တထပ်တည်းမကျသော်လည်း အခြားသော အုတ်မြစ်များနှင့် လွတ်ကင်း၍ သီးခြားစီရပ်တည်နိုင်လျှင် strap footing ။

အနည်းဆုံးအုတ်မြစ်တခုသည် တိုင်၏ဗဟိုနှင့်တထပ်တည်းမကျသည့်အပြင် အခြားအုတ်မြစ်များနှင့် ထိစပ်နေပါက combined footing သို့မဟုတ် strip footing ။

အုတ်မြစ်တခု သို့ နှစ်ခုနှင့်အထက်သည် တိုင်၏ဗဟိုနှင့်တထပ်တည်းကျသော်လည်း လုံလောက်သောနေရာအကျယ်အဝန်းမရပဲ အခြားအုတ်မြစ်များနှင့် ထိစပ်နေပါက combined footing သို့မဟုတ် strip footing ။

combined footing အား ကုန်ကျစရိတ်လျော့ချလိုသည့်အခါမျိုးတွင် strip footing ။ "


 

            ဒီဇိုင်းအင်ဂျင်နီယာများလေ့လာနိုင်ရန် ဆက်လက်ဖော်ပြရပါက square/rectangular footing များသည် ၎င်းတို့၏ direction ၂ ဘက်စလုံးအား cantilever beam design အဖြစ်တွက်ချက်ရသည်။ strap footing အတွက်မူ footing တခုချင်းစီအား square/rectangular footing များအတိုင်းသာ တွက်ချက်ရန်လိုအပ်ပြီး strap beam အား unbalanced moment အားခုခံနိုင်ရန် တွက်ချက်ရမည်။ combined footing များအတွက်မူကား unbalanced moment နှင့် cantilever moment များအား combined footing slab တခုတည်းက ပေါင်းစု၍ ခုခံနိုင်ရန်တွက်ချက်ရမည်။ strip footing တွင်မူ strip footing slab သည် cantilever moment ကို ခုခံနိုင်ရမည်ဖြစ်ပြီး unbalanced moment အား strip beam မှသာ ခုခံနိုင်ရန်လိုသည်။

 

        အချုပ်ဆိုရပါမူ အထပ်နိမ့်အဆောက်အအုံများတွင် အဆိုပါ အုတ်မြစ်အမျိုးအစားများအား အများဆုံးအသုံးပြုကြပြီး ၎င်းတို့အား မှန်ကန်စွာ အဆင့်ဆင့်ရွေးချယ် အသုံးပြုရန် လိုအပ်ကြောင်း တည်ဆောက်ရေးအင်ဂျင်နီယာများ၊ လုပ်ငန်းရှင်များအတွက် ဤဆောင်းပါးတွင်  အသိပညာပေးဖော်ပြလိုပါသည်။ သို့ရာတွင် ဒီဇိုင်းအင်ဂျင်နီယာများအတွက်မူ ဤမျှလောက်နှင့် လုံလောက်မည် မဟုတ်၍ ဆက်လက်လေ့လာကြရန်လိုကြောင်း တင်ပြလိုပါသည်။






 

Min Khant Kyaw

Comments