ဗိသုကာများအတွက် သံထည်အဆောက်အအုံ

         

    အဆောက်အအုံတစ်ခုကို ကွန်ကရိနဲ့ဆောက်မလား သံထည်နဲ့ဆောက်မလား သစ်သားနဲ့ဆောက်မလား. အုတ်နဲ့ဆောက်မလား ဆိုတာကို ဗိသုကာပညာရှင် ၊ လုပ်ငန်းရှင် ၊ တည်ဆောက်ရေးအင်ဂျင်နီယာ ၊ structure designer တို့က အကြောင်းအရာအမျိုးမျိုးအပေါ်မှာ အခြေခံပြီး စဉ်းစားရွေးချယ်ဆုံးဖြတ်လေ့ရှိကြပါတယ်။ သံထည်အဆောက်အအုံများ၊ သံကူကွန်ကရိအဆောက်အအုံများနှင့် အုတ်တိုကအဆောက်အအုံများဟာ ဗိသုကာရှုထောင့်သာမက အင်ဂျင်နီယာရှုထောင့်အရပါ ကွဲပြားခြားနားမှုအများကြီးရှိပါတယ်။ ဒီနေရာမှာ ဇောင်းပေးတင်ပြလိုတာက သံထည်အဆောက်အအုံတွေဟာ သံထည်အဆောက်အအုံနည်းစနစ်တွေအတိုင်းပဲ ဆောက်ရပါတယ်။ သံကူကွန်ကရိလိုတည်ဆောက်ဖို့ရာ အဆင်မပြေသည်များရှိပါတယ်။ ဗိသုကာဆိုင်ရာဆုံးဖြတ်ချက်ဟာ တည်ဆောက်ရေးမှာသက်ရောက်မှုရှိသလို တည်ဆောက်ရေးဆိုင်ရာကန့်သက်ချက်များကလည်း ဗိသုကာပိုင်းကို အပြန်အလှန်သက်ရောက်မှုရှိပါတယ်။

             သံထည်အဆောက်အအုံ နဲ့ဂိုဒေါင်လို warehouse တွေ ဆောက်တာမှာ သိပ်ပြသနာမရှိပေမဲ့ လူနေအိမ်လိုအဆောက်အအုံတွေဆောက်တဲ့အခါမှာ သိသိသာသာကွဲပြားမှုလေးတွေရှိလာပါပြီ။ သံထည်အဆောက်အအုံ တစ်ခုဆောက်တဲ့အခါမှာ RC နဲ့မတူ ထည့်သွင်းစဉ်းစားရမှာလေးတွေရှိပါတယ်အဲ့ဒါတွေက …

  • Frame System (eg. brace frame or moment frame)
  • Fabrication (ဖြတ်တောက် ထုတ်လုပ်မှု)
  • Erection (တပ်ဆင်ခြင်း)
  • Fire Proof (မီးဒဏ်ခံအောင် ကာကွယ်မှု)
  • Sound Isolation (အသံလုံမှု)
  • Vibration (တုန်ခါမှု)

            အထက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားရပါတယ် အဲ့အတွက် တည်ဆောက်ပုံ (detailing) တွေပြောင်းသွားပါတယ်အများဆုံးဖြစ်လေ့ရှိတဲ့ ပြသနာက သံထည်အဆောက်အအုံ ဆောက်တဲ့အခါ ကျားထောက် (brace) ကို ထည့်သွင်းမစဉ်းစားတာပါ။ Simple connection တွေဟာ ကုန်ကျစရိတ်နည်းတယ် တပ်ဆင်ရလွယ်တယ် Braced frame တွေဟာ non sway frame ဖြစ်တဲ့အတွက် ဘေးတိုက်ရွေ့တာနည်းတယ်ဒီလိုအားသာချက်တွေရှိပါတယ်အဲ့ဒီအတွက်ကြောင့် structural designer က ရွေးချယ်ထားတဲ့နေရာမှာ brace တွေတပ်ဆင်ရမယ်။

             ဒီလိုထားတဲ့အခါမှာ နောက်ထပ်အရေးကြီးတာတစ်ခုက အုတ်စီပုံနည်းစနစ် သို့မဟုတ် နံရံအထားအသို ဖြစ်ပါတယ် Bracing တွေကနေ လွတ်အောင် brick wall ကို column center line ကနေ အပြင်ထုတ်စီတာမျိုး လုပ်လေ့ရှိပါတယ် အဲ့ဒီအတွက် brick wall ဟာ column center line ပတ်လည်မှာရှိနေတဲ့ perimeter beam တွေကနေ လွတ်သွားပါတယ် Brace ထည့်ဖို့ နေရာအလုံအလောက်ရသွားပါတယ် Structural designer တွေအတွက်ပြောရရင်တော့ exterior brick wall တွေကို main structure တွေပေါ်မှာ မတင်တော့ပဲ သူ့ရဲ့ကိုယ်ပိုင် wall footing သို့မဟုတ် grade beam တွေက ထမ်းတာဖြစ်ပါတယ်သို့သော် wind load ကဲ့သို့သော lateral load ကိုဖြန့်ဖို့ရာ main structure နဲ့တွဲထားတာကိုတွေ့ရပါမယ် နောက်တစ်နည်းကတော့ main structure ကနေ angle or plate တွေထုတ်ပီး brick wall ကို အဲ့အပေါ်တင်တာမျိုးဖြစ်ပါတယ်

 


 


 

 

 

ဘာကြောင့် ကျားထောက် BRACE လိုအပ်တာလဲ ?

             ဘာ့ကြောင့်ပါလဲ။ Simple connection တွေဟာ ကုန်ကျစရိတ်နည်းတယ် တပ်ဆင်ရလွယ်တယ်။ ကျားထောက်ဖရိန် (Braced frame) တွေဟာ non sway frame ဖြစ်တဲ့အတွက် ဘေးတိုက်ရွေ့တာနည်းတယ် ငလျင်ဒဏ်ခံနိုင်တဲ့ဒီဇိုင်းမှာ သိသိသာသာ အကုန်အကျသက်သာတယ်။ ဒီလိုအားသာချက်တွေရှိပါတယ်။ Brace ပါသင့်တယ်ဆိုပေမဲ့ structural designer က တွက်ချက်မှုအရ လိုအပ်တဲ့နေရာမှာသာ လိုအပ်တဲ့ပုံစံနဲ့ ထားဖို့လိုပါတယ်။ ( Detailed technical points will not be mentioned here.)

 

BRACE မပါပဲ သံထည်အဆောက်အအုံ ဆောက်လို့မရဘူးလား ?

             နို့ brace မပါဘဲ သံထည်အဆောက်အအုံ ဆောက်လို့မရဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။ ပိုက်ဆံတတ်နိုင်ရင်တော့ အကုန်လုပ်လို့ရပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်သိသိသာသာ တတ်လာမှာမျိုး၊ အရည်အသွေးမပြည့်မှီတာမျိုးတော့ အားလုံးလိုချင်ကြမယ်မထင်ပါဘူး။ တစ်ဖက်မှာလည်း ပိုက်ဆံတတ်နိုင်တယ်ထားဦး သံထည်အဆောက်အအုံ တစ်ခုအရည်အသွေးပြည့်မှီဖို့ဆိုတာ ထုတ်လုပ်နိုင်မဲ့စက်ရုံလိုပါတယ်။ သံကူကွန်ကရိ (R.C.) လို ရှိတဲ့အလုပ်သမားနဲ့ သံဆင်၊ form work ရိုက်၊ concrete လောင်းမယ်ဆိုတာလောက်နဲ့ မရပါဘူး။ ဒီလို ထုတ်လုပ်နိုင်တဲ့ စက်ရုံတွေက မြန်မာနိုင်ငံမှာ လက်ချိုးရေလို့ရအောင်ရှားပါတယ်။ အလားတူပဲ ပွင့်ပွင့်လင်းလင်းပြောရရင် စံချိန်စံညွှန်းနဲ့အညီဆောက်ထားတဲ့ သံထည်အဆောက်အအုံ ဆိုတာကလည်း လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှဦ လက်ညှိးထိုးပြဖို့ရာကို အခက်အခဲရှိပါတယ်။

 

BRACE တွေတပ်ဖို့ ဘယ်နေရာတွေ ချန်ထားသင့်သလဲ ?

             သံထည်အဆောက်အအုံနဲ့ စက်ရုံအလုပ်ရုံ (industrial building) တွေဆောက်တဲ့အခါမှာ သိပ်ပြသနာမရှိပေမဲ့ စီးပွားရေးအဆောက်အအုံ (commercial building) တွေ၊ ရုံးခန်း (office) တွေ၊ အများပြည်သူဆိုင်ရာ (public building) တွေ၊ လူနေအဆောက်အအုံ (residence) တွေဆောက်တဲ့အခါ brace ထားဖို့နေရာက ဗိသုကာပိုင်းကို interfere အနှောက်အယှက်ဖြစ်စေတဲ့သဘောရှိပါတယ်။ ဒီလိုအဆောက်အအုံတွေမှာ အတွင်းပိုင်းမှာ brace ထားဖို့ အခွင့်သာလေ့မရှိတဲ့အတွက် အဆောက်အအုံရဲ့ အပြင်ပတ်ပတ်လည်မှာ ထားရလေ့ရှိပါတယ်။ အဲ့လိုထားနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါပေမဲ့ window opening တွေနဲ့ aesthetic ပိုင်းကို အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ အကယ်လို့ lift wall/stair wall တွေသာ သင့်တော်တဲ့နေရာမှာရှိနေခဲ့ရင်လည်း အဲ့ဒီနေရာတွေကို အသုံးချလို့ရနိုင်ပါတယ်။ အဲ့တော့ structural designer နဲ့ညှိပြီး အပြင်ဘက်မှာ aesthetic function အနေနဲ့ အသုံးချလို့ရရင် သုံးပေးဖို့ပါပဲ။

 

COORDINATION WITH ARCHITECT & STRUCTURAL DESIGNER

             လက်ရှိအချိန်အထိ မြန်မာနိုင်ငံက တည်ဆောက်ရေးစီမံကိန်းတွေရဲ့ 50% နှင့်အထက်ဟာ ဗိသုကာပညာရှင်တွေပါဝင်ခွင့်ရလောက်အောင် မဖွံ့ဖြိုးသေးကြပါဘူး။ ဗိသုကာပညာရှင်တွေပါဝင်ခွင့်ရတဲ့ စီမံကိန်းတွေမှာလည်း structural design engineer နဲ့ညှိုနှိုင်းလုပ်ကိုင်လေ့မရှိကြသေးပါဘူး။ နောက်ပြီး aဗိသုကာပညာရှင်တွေရဲ့ ကနဦးဒီဇိုင်းအဆင့်မှာ structural designer တွေပါဝင်ရလေ့မရှိသေးကြပါဘူး။ client ကပဲမငှားနိုင်လို့လား။ procedure တွေပဲမသိကြလို့လား မပြောတတ်ပါဘူး။ ဗိသုကာဒီဇိုင်းအပြီးသတ်ဆွဲပြီးမှ ဒီအတိုင်းမရရအောင် တွက်ဆိုတာမျိုးနဲ့သွားနေကြတာပါပဲ။ ဒါကလည်း လုပ်ငန်းနဲ့ ဈေးကွက်အနေအထား အကြောင်းအမျိုးမျိုးကြောင့်ပေါ့လေ။

  

            ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်ကတော့ ဗိသုကာပညာရှင်များ၊ တည်ဆောက်ရေးအင်ဂျင်နီယာများ၊ နဲ့ ဒီဇိုင်းအင်ဂျင်နီယာတွေ ညှိုနှိုင်းပေါင်းစပ်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့် အဆောက်အအုံများတည်ဆောက်နိုင်ဖို့နဲ့ မြန်မာနိုင်ငံပြည်သူလူထုရဲ့ လူနေမှုအဆင့်အတန်း မြင့်တတ်လာစေဖို့ပါပဲ။ အောက်မှာဖော်ပြထားတာကတော့ နိုင်ငံတကာက အဆောက်အအုံစီမံကိန်းတွေရဲ့ ကျားထောက်ပါဝင်တဲ့သံထည်အဆောက်အအုံ တွေပါ။

 

 Min Khant Kyaw

 


















 

Comments