၁၉၉၀ ခုနှစ်က ဝါရှင်တန်မြို့မှာ ဖြစ်ပွားခဲ့သော ယာယီမြေထိန်းနံရံ ပြိုကျမှု

 ၁၉၉၀ ခုနှစ်က ဝါရှင်တန်မြို့မှာ ဖြစ်ပွားခဲ့သော ယာယီမြေထိန်းနံရံ ပြိုကျမှု

 


    အဆိုပါ ယာယီမြေထိန်းနံရံသည် ည ၈ နာရီခွဲအချိန်ခန့်တွင် ပြိုကျသွားခဲ့ပြီး အဆိုပါဖြစ်ရပ်ကြောင့် ကံကောင်းထောက်မစွာပင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ မရှိခဲ့ပါ။ အကယ်၍ အလုပ်ချိန်အတွင်း ဖြစ်ပွားခဲ့ပါမူ ပြင်ဆင်၍မရနိုင်သော ဆုံးရှုံးမှုဖြစ်ဖွယ်ရာရှိပါသည်။

 

    ပြိုကျပြီး ၁ နာရီအတွင်းမှာပင် Occupational Safety and Health Administration (OSHA) အဖွဲ့အစည်းမှ ရောက်ရှိလာပြီး မှတ်တမ်းများရယူခြင်းနှင့် လိုအပ်သော စုံစမ်းစစ်ဆေးမှုများအား ဆက်လက်လုပ်ဆောင်ပါသည်။

 

    ယင်းမြေထိန်းနံရံတည်ဆောက်ရခြင်းမှာ ၁၂ ထပ်အမြင့်ရှိသော သံကူကွန်ကရစ်ဖြင့်တည်ဆောက်မည့် အထပ်မြင့်ရုံးခန်းအဆောက်အအုံ၏ မြေအောက်ခန်းနှင့် အောက်ခံအုတ်မြစ် ၄၈ ပေအနက်အား ဖွင့်ထုတ်၍ မြေတူးခြင်း (open excavation) အား ကူညီထောက်ပံ့နိုင်ရန်ဖြစ်သည်။ အသုံးပြုထားသော ယာယီမြေထိန်းနံရံအမျိုးအစားမှာ H ပုံစံသံထည်တိုင်များအား မြေကြီးအတွင်း ရိုက်သွင်ကာ သစ်သားပြားများညှပ်၍ ကာရံထားသော steel soldier pile with timber lagging ဖြစ်သည်။


      အကြမ်းဖျင်းဆိုရသော် ၄၈ ပေအမြင့်မြေတူးခြင်းဆိုသည်မှာ ၄ ထပ်စာခန့်ရှိပြီး မြေအောက်ရေတွန်းအားအား ထည့်သွင်းမထားသည့်တိုင်အောင် ဘေးတိုက်မြေတွန်းအားမှာ အနည်းဆုံး ပေါင်နှစ်ထောင်ခန့်ရှိရာကား အလွတ် (free cantilever/unrestrained shoring) တည်ဆောက်၍မရနိုင်သည့်အတွက် အခြားသော ထောက်မထားသည့် တည်ဆောက်ပုံစနစ်အား ရွေးချယ်ရပေတော့မည်။
 

     ယာယီမြေထိန်းနံရံအားထောက်မရာတွင် ပြင်ပမှထောက်မသောနည်းလမ်းဖြစ်သည့် မြေထိန်းနံရံနောက်ရှိ မြေသားအတွင်းမှ သံကြိုးများဖြင့်ဆွဲခြင်း (wale and tile back) သည် ကုန်ကျစရိတ်သက်သာသော်လည်း လမ်းမြေအား ရယူအသုံးချမှု၊ ကပ်လျက်အဆောက်အအုံတွင် မြေအောက်ခန်းပါရှိနေမှု နှင့် မြေအောက်ဓါတ်အားလိုင်းများတည်ရှိနေခြင်း စသည်အကြောင်းအရင်းများကြောင့် မလွတ်မကင်းဖြစ်နေသော အဆိုပါအခြမ်းတွင် အတွင်းမှထောက်မသောနည်းလမ်း (internal support with wale, strut, diagonals & rankers) ကိုအသုံးပြုခဲ့ပြီး အခြားသောလွတ်ကင်းသည့်ဘက်တွင်မူ ပြင်ပမှထောက်မသော စနစ်အား အသုံးပြုခဲ့ရသည်။


 

     ယခုပြိုကျသွားသောအပိုင်းသည် အတွင်းမှထောက်မထားသောဘက်ခြမ်းမှ ပြိုကျသွားခြင်းဖြစ်သည်။ ပုံတွင်ညာဘက်ခြမ်း (အရှေ့ဘက်)မှ ယာယီမြေထိန်းနံရံ၏တိုင်များသည် အထက်ဘက်(မြောက်အရပ်) သို့ ၄ ပေခန့်အထိရွေ့သွားရာမှ ပြိုကျသွားသည်ဟု စုံစမ်းတွေ့ရှိရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ပုံတွင်အောက်ဘက်ခြမ်း (တောင်ဘက်အရပ်)မှ ပကတိမြေတွန်းအားသည် ခန့်မှန်းတွက်ချက်ထားသည်ထက် ပိုများသောကြောင့်ဟု ယူဆကြသည်။


 

     စတင်ပြိုကျချိန်တွင် မြေတူးစက်တစင်းသည် တောင်ဘက်နံရံဘက်ခြမ်းတွင် ရပ်နားထားသည်။ အဆိုပါ ယဉ်၏တည်ရှိမှုသည် တောင်ဘက်နံရံ၏ အပြီးသတ်ပြိုကျခြင်းပုံစံအား အဟန့်အတားဖြစ်စေခဲ့သည်ဟု ယူဆကြသည်။ အဘယ်ကြောင့်ဆိုသော် တောင်ဘက်ခြမ်းနံရံသည် အဆိုပါယဉ်ရှိနေခြင်းကြောင့် လွတ်လပ်စွာ ပြိုလဲကျမသွားပေ။ မြောက်ဘက်ခြမ်းနံရံမှာမူကား ပြိုကျစဉ်တွင် မည်သည့်အဟန့်အတားမျှမရှိခြင်းကြောင့် အောက်ခံကြမ်းခင်းမြေသားဆီသို့ တောက်လျောက်ပြိုကျသွားသည်။ အရှေ့ဘက်ခြမ်းနံရံမှာမူ အောက်ခံမြေသားကြမ်းခင်းဆီသို့ အတွဲလိုက် ပြိုကျသွားသည်ကို တွေ့ရသည်။


 

    ကနဉီးပြိုကျမှုမှာ အရှေ့ဘက် (ညာဘက်) ခြမ်းနံရံ ပေ ၁၅၀ တလျောက်စလုံးသည် အကျယ် ပေ ၂၀ ခန့်ထိ ပြိုကျသွားပြီး အကျိုးဆက်အနေနှင့် ၎င်းအားထောက်မထားသော အတွင်းပိုင်းစနစ်ကို ပျက်စီးစေကာ ယင်းနှင့်ဆက်စပ်နေသော မြောက်ဘက်နှင့် တောင်ဘက်နံရံများကိုပဲ ဆွဲချသွားသည်။ ထို့ကြောင့် တည်ဆောက်ရေးနှင့် လုပ်ငန်းခွင်သုံးစက်ယန္တရားများအပါအဝင် အခြေခံအဆောက်အအုံတချို့ပါ ၄၈ ပေအမြင့်ရှိသော မြေကျင်းထဲကျကုန်သည်။ စာရင်းအရ နောက်တွဲယဉ် ၂ စီး၊ လုပ်ငန်းခွင်သုံး အိမ်သာ ၂ လုံး၊ သစ်သားလျောက်လမ်း ၂ ခု၊ ရွေ့လျားဝန်ချီစက် ၁ ခု၊ လမ်းမီးတိုင် ၁ ခု၊ သစ်ပင် ၃ ပင် နှင့် ဖုန်းလိုင်းကြိုးတို့ ဖြစ်ကြသည်။

    ၎င်းနောက် ကန်ထရိုက်တာများသည် နောက်ထက်ပြိုကျမှုမဖြစ်စေရန်အတွက် အရှေ့ဘက်(ညာဘက်)ခြမ်းအား ပြန်လည်ဖြည့်ခြင်းလုပ်ငန်းကို ဆောင်ရွက်ကြသည်။ အဆိုပါ ပြန်လည်ဖြည့်တင်းခြင်းလုပ်ငန်းသည် အောင်မြင်၍ အရှေ့ဘက်ခြမ်း၏ ပြိုကျခြင်းသည် ရပ်သွားသည်။ သို့သော် တောင်ဘက်(အောက်ဘက်)ခြမ်းအတွက်မူကား လုံလောက်မှုမရှိ၍ ကနဦးပြိုကျအပြီး ၁၇ နာရီအကြာ နောက်နေ့ညနေ ၁ နာရီခွဲခန့်တွင် တောင်ဘက်ခြမ်း၏ ပေ ၁၀၀ ခန့်သည် အကျယ် ၁၀ အားဖြင့် ထပ်မံပြိုကျသွားတော့သည်။ ပြန်လည်ဖြည့်တင်းခြင်းအား လုပ်ငန်းအား ၁း၁ လျောစောက်ရအောင် ဆက်လုပ်ဆောင်ရွက်ခဲ့ပြီး ရေမဝင်စေရန် ပလက်စတစ်ချပ်များဖြင့် ဖုံးအုပ်ထားသည်။ ထို့နောက် နောက်ထပ် နောက်ဆက်တွဲ မြေပြိုမှု ဆက်မဖြစ်တော့ပါ။





















 

     အစီရင်ခံစာအရ အောက်ပါအတိုင်း ကောက်ချက်ချခဲ့သည်။


  • မြောက်ဘက်နှင့် တောင်ဘက်တွင် အတွင်းမှထောက်မထားသောစနစ် ပြိုကျမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့။
  • အနောက်ဘက်ခြမ်းတလျောက်၊ တောင်နှင့်မြောက်နံရံ၏ အချို့အပိုင်းတွင် တပ်ဆင်ထားသော ပြင်ပထောက်မမှုစနစ်မှာမူ ပျက်စီးခြင်းမရှိကြောင်းတွေ့ရ။
  • ဖြစ်ပေါ်လာသော ပကတိမြေတွန်းအားနှင့် အတွင်းမှထောက်မထားသောစနစ်အားဒီဇိုင်းတွက်ထားသော မြေတွန်းအားတို့သည် ကိုက်ညီမှုရှိ။
  • မြောက်ဘက်နှင့် တောင်ဘက်နံရံများရှိချုပ်တန်း (tier) များနှင့် ၎င်းတို့အားထောက်မထားသော အဆက် (outlooker) များ၏ ဂဟေဆက်များသည် အလေးဝန်အား ကောင်းမွန်စွာထမ်းဆောင်နိုင်ရန် ပြုလုပ်ထားခြင်းမရှိ။
  • တောင်ဘက်နံရံရှိ အပေါ်ချုပ်တန်းတွင်တပ်ဆင်ထားသော တစောင်းထောက်တန်း (sloping wale) သည် အလေးဝန်အား ထမ်းဆောင်ရန် တွက်ချက်ထားခြင်းမှာ မလုံလောက်။
  • အရှေ့ဘက်နံရံတွင်ရှိသော ချုပ်တန်း ၃ ခုစလုံးရှိ ထောက်တန်းများသည်  အလေးဝန်အား ထမ်းဆောင်ရန် တွက်ချက်ထားခြင်းမှာ မလုံလောက်။
  • တောင်ဘက်နှင့် မြောက်ဘက်နံရံများအတွက် မြေခုခံအား (passive pressure) အား ပိုမိုခန့်မှန်းထားသည်ကို တွေ့ရ။
  • မြေအောက်ရေတွန်းအားကြောင့်လည်းကောင်း သို့မဟုတ် လုပ်ငန်းခွင်အားနည်းချက်ကြောင့်လည်းကောင်း မြေပြိုကျရသည်ဟူသော ယူဆချက်သည် ဖြစ်နိုင်ခြေမရှိ။

 

            အချုပ်ဆိုရပါမူ ယခုဆောင်းပါးသည် ဒီဇိုင်းအင်ဂျင်နီယာမဟုတ်သော အခြားဆက်စပ်သည့် အင်ဂျင်နီယာများ၊ တည်ဆာက်သူများနှင့် လုပ်ငန်းရှင်များအတွက်သာ ဗဟုသုတရစေရန် ရည်ရွယ်ပါသည်။ ဒီဇိုင်းအင်ဂျင်နီယာများအတွက်မူ ကိုးကားထားသော မူရင်းစာတမ်းအား လေ့လာရန် တိုက်တွန်းပါသည်။

 

            မြန်မာနိုင်ငံရှိ Myanmar National Building Code၊ Committee for Quality Control of High-Rise Building (CQHP) Guideline၊ နှင့် Yangon City Development Committee (YCDC) Rules and Regulation များအရ အမြင့် ၁ မီတာခွဲထက်ကျော်သော ဖွင့်ထုတ်၍မြေတူးခြင်းလုပ်ငန်းများအတွက် ယာယီမြေထိန်းနံရံများအား တွက်ချက်တင်ပြ၍ ထည့်သွင်းတည်ဆောက်ရန် လိုအပ်ပါသည်။ ဒီဇိုင်းတွက်ချက်ရာတွင် မြေသားဒီဇိုင်းအင်ဂျင်နီယာ (geotechnical engineer) နှင့် အဆောက်အအုံဆိုင်ရာ ဒီဇိုင်းအင်ဂျင်နီယာ (structural designer) (၂) ဦး/ဖွဲ့လိုအပ်သည့်အပြင် တည်ဆောက်ရာတွင်လည်း အတွေ့အကြုံရှိတည်ဆောက်ရေးအဖွဲ့နှင့် စောင့်ကြည့်အဖွဲ့ (monitoring system) များလိုအပ်ပါသည်။ လုပ်ငန်းမစတင်မီ တိကျသော အချက်အလက်များရရှိစေရန် မြေသားစမ်းသပ်စစ်ဆေးမှု (soil investigation) လုပ်ငန်းအား ဂရုတစိုက်လုပ်ဆောင်ရန်လိုအပ်ပါသည်။

 

            ယာယီမြေထိန်းနံရံများအသုံးပြုခြင်းအားဖြင့် မိမိလုပ်ငန်းခွင်အား စိတ်ချစွာလုပ်ကိုင်နိုင်သည့်အပြင် မိမိလုပ်ငန်းခွင်အနီးနားရှိအဆောက်အအုံများအား ထိခိုက်မှုအားကာကွယ်နိုင်ခြင်းနှင့် လုပ်ငန်းခွင်ရှိ လုပ်သားများ၏ အသက်အန္တရာယ်အား တန်ဖိုးထားရာရောက်ပါသည်။ မြေသားအင်ဂျင်နီယာလုပ်ငန်းသည် မည်မျှပင် သေချာအောင် တွက်ချက်စေကာမူ အလွန်သတိထားရသော အပြောင်းအလဲရှိသည့် ပညာရပ်လုပ်ငန်းဖြစ်ပေရာ တွက်ချက်မှုမရှိသော ကြီးကြပ်မှုမရှိသော လုပ်ငန်းခွင်သည် မည်မျှအန္တရာယ်များကြောင်း ဆုံးရှုံးနိုင်ကြောင်းမှာ ဆိုဖွယ်ရာ မရှိတော့ချေ။

 

ကိုးကား

Investigation of November 19, 1990 Excavation Collapse at 14th and H Streets, N.W. Washington, D.C.

https://www.osha.gov/sites/default/files/2020-01/1991_05.pdf

 

 Min Khant Kyaw



Comments